လွယ်လင့်တကူ လုပ်ဆောင်လို့ရမယ့် နားသန့်စင်ခြင်းနည်းလမ်းများ
လူ့ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေထဲမှာ နားကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နားကို အလေးအနက်မထားပဲ ဂရုစိုက်စောင့်ရှောက်မှု မပြုလုပ်မိရင် ကုသရခက်ခဲတဲ့ နားကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။
နားနဲ့ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို မကြုံရစေဖို့ဆိုရင် မိမိတို့ရဲ့နားအတွင်းပိုင်းတွေကို စနစ်တကျ သန့်စင်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ လူတိုင်း မိမိတို့ရဲ့နေအိမ်မှာပဲ နားတွေကို အလွယ်တကူ သန့်စင်လို့ရတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။ Healtppy စာဖတ်ပရိတ်သတ်ကြီးကို အဆိုပါ နည်းလမ်းလေးတွေကို မျှဝေပေးသွားပါမယ်နော်။
1) Baking Soda
လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့် Baking Soda ကို ထမင်းစားဇွန်း ၄ဇွန်းစာ ပမာဏရှိတဲ့ ရေနွေးနဲ့ ဖျော်ပါ။ အစက်ချတဲ့အခါ သုံးလို့ရတဲ့ ဘူးငယ်ထဲကို ထည့်ပါ။ ခေါင်းကို တစ်ဖက်သို့စောင်းပြီး တစ်ကြိမ်ကို တစ်စက်စီ ၅-၁၀စက်ခန့် နားထဲသို့ အစက်ချပေးပါ။ တစ်နာရီခန့်ထားကာ ရေနဲ့ဆေးချပါ။
2)အဆီများ
နားဖာချေးကို ပျော့သွားပြီး ရှင်းလင်းရလွယ်အောင် baby oil၊ အုန်းဆီ၊ ဂလစ်စရင်းဆီ၊ သံလွင်ဆီ တို့ကိုလည်း အနည်းငယ်မျှ အပူပေးကာ နားထဲ အစက်အနည်းငယ်မျှ ချပြီး ဖယ်ထုတ်သန့်စင်လို့ရပါတယ်။ နားထဲ အစက်မချမီ အပူချိန်ကို မပူလွန်း၊ မအေးလွန်း ဖြစ်မဖြစ် သေချာ စမ်းသပ်ကြည့်ဖို့ မမေ့ပါနဲ့။
3)ရေဖြင့် သန့်စင်ခြင်း
ရေနဲ့ သန့်စင်ဆေးချဖို့အတွက် အစက်ချရာမှာ သုံးတဲ့ ရာဘာပျော့ဘောလုံးပုံစံ ကိရိယာ လိုပါမယ်။ ဒီဘောလုံးပုံ အစက်ချပစ္စည်းထဲကို ရေနွေးအနည်းငယ်ထည့်ပါ။ နားအောက်မှာ လက်သုတ်ပဝါခံပြီး ခေါင်းကို စောင်းထားပါ။ ရာဘာဘောလုံးသုံးကာ တစ်ဖက်နားထဲသို့ ရေကို ညှစ်ထည့်လိုက်ပါ။ အရှိန်ပါတဲ့အတွက် ရေနဲ့အတူ အညစ်အကြေးများပါ ခံထားတဲ့ လက်သုတ်ပဝါပေါ် စီးကျလာပါလိမ့်မယ်။ ရေနဲ့ဆေးချခြင်းကို သူ့တစ်မျိုးတည်းသုံးနိုင်သလို Baking soda နဲ့ oil များသုံးအပြီး ဆေးချရာမှာလည်း သုံးနိုင်ပါတယ်။
4)နားသန့်ဆေးရည်
3% Hydrogen Peroxide ပါဝင်သော နားသန့်စင်ဆေးရည်ကို အသုံးပြုကာ ခေါင်းကိုတစ်ဖက်သို့စောင်း၊ ၅-၁၀စက်ခန့် နားထဲချကာ ၅မိနစ်ထားပြီး သန့်ရှင်းလို့လည်း ရပါတယ်။ ဈေးကွက်ထဲမှာ Earwax removing kits ဆိုပြီး ဝယ်ယူသုံးစွဲနိုင်ပါတယ်။
ရှောင်ရှားသင့်သော နည်းလမ်းများ
- ဘောပင်အဖုံး (သို့) ဆံညှပ်ကလပ်များနဲ့ နားကလော်ခြင်း လုံးဝမပြုလုပ်ပါနဲ့။
- နားကြပ်တံဂွမ်းလုံးသည် ဘေးကင်းသည်လို့ ထင်ရသော်လည်း သေးလွန်းသည့်အပြင် နားအတွင်းပိုင်းကိုလည်း ထိခိုက်စေနိုင်တဲ့အတွက် မသုံးသင့်ပါ။
- အဆိုးဝါးဆုံး နည်းလမ်းဖြစ်တဲ့ နားအခေါင်းထဲသို့ မီးရှို့ထားသော စက္ကူထည့်ကာ နားသန့်စင်ခြင်းကို လုံးဝ ရှောင်ရှားသင့်ပါတယ်။ အပူလောင်နိုင်သည့်အပြင် နားစည်ကို ပေါက်စေနိုင်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်းတွေဟာ လူတိုင်းအတွက် အရေးပါတဲ့ နားနဲ့ အကြားအာရုံ ကျန်းမာရေးအတွက် နားတွေကို အလွယ်တကူသန့်စင်ပေးနိုင်မယ့် နည်းနာတွေဖြစ်ပြီးတော့ အသုံးတည့်ဖို့လည်း မျှော်လင့်မိပါတယ်။
ရေးသားသူ - ဒေါက်တာ မေမြတ်